ထိုင်းနိုင်ငံတွင်နေထိုင်ခွင့်လက်မှတ်မရှိသူမြန်မာ အလုပ်သမားများ အဖမ်းခံရ
အလုပ်သမား လက်မှတ်မရှိသော ရွှေ့ပြောင်းမြန်မာ အလုပ်သမားများကို ထိုင်းစစ်တပ်မှ လုပ်ငန်းခွင်များအတွင်းသို့ ၀င်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငခရိုင်၊ ဘန်နီးယန်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်များအတွင်းသို့ ယမန်နေ့က တကွန်ပါ ထိုင်းစစ်တပ်မှ စစ်သားများ ရောက်ရှိလာပြီး အလုပ်သမားလက်မှတ်များ စစ်ဆေးကာ လက်မှတ်မရှိသူ (၃၈)ယောက်ကို ဖမ်းဆီးသွားခဲ့သည်။
ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး ဆောက်လုပ်ရေး အလုပ်သမား တန်းလျားတွင် နေထိုင်သော ဦးအောင်မင်းက အခုလိုပြောပြသည်။
“ကျနော်တို့ဆိုဒ်က အမျိုးသား (၂)ယောက်နဲ့ အမျိုးသမီး (၅)ယောက်ပါသွားတယ်။ တခြားဆိုဒ်တွေကလည်းပါတယ်။ အားလုံး (၃၈)ယောက်ပါသွားတယ်” ဟုပြောပြသည်။
ဖမ်းဆီးခံရသူများကို သူဌေးမှ ပိုက်ဆံပေး၍ ပြန်ထုတ်ရန်ကြိုးစားသော်လည်း မရကြောင်း ၎င်းက ဆက်ပြီးပြောပြသည်။
“အဖမ်းခံရတဲ့ သူတွေအတွက် သူဌေးတွေရော ၊ သူဌေးရဲ့ လူယုံတွေရော ပိုက်ဆံပေးပြီး လိုက်ထုတ်ကြပေမယ့် မရဘူး။ ရဲကဖမ်းတာမျိုးဆိုရင် ထုတ်လို့ရတယ်။ အခုက စစ်တပ်ဖြစ်နေတော့ မရဘူး။ အခုသူတို့ကို တကွန်ပါ စစ်တပ်မှာ ချုပ်ထားတယ်လို့ ပြောတယ်”
ထို့အတူ တကော့ထုံးမြို့နယ် ကော့ကလွိုင် ရာဘာခြံတွင်လည်း ယမန်နေ့က မြန်မာအလုပ်သမား(၃)ဦးမှာ နေမကောင်းသဖြင့် ဆေးခန်းသွားပြရာ လမ်းတွင်ရဲဖမ်းခံရပြီး(၂)ဦးမှာ အလုပ်သမားလက်မှတ် မရှိသဖြင့် ဘတ်ငွေ (၂၅၀၀၀)ပေးပြီး ပြန်ထုတ်ခဲ့ရကြောင်း သိရသည်။

