ဘန်ကောက်မြို့ လူဝင်မှုကြီးကြပ်ရေးရုံးတွင် လွယ်လွယ်နဲ့ မယုံပါနဲ့ဟု မြန်မာဘာသာဖြင့် ပိုစတာကြီးချိတ်ဆွဲ


ထိုင်းနိုင်ငံ ဘန်ကောက်မြို့ စာထွန်တွင်ရှိသော လူဝင်မှုကြီးကြပ်ရေးရုံးတွင် လွယ်လွယ်မယုံပါနဲ့ဟု မြန်မာဘာသာဖြင့် ပိုစတာကြီးချိတ်ဆွဲထားသည်။ပတ်စပို့ သက်တမ်းတိုးရန်သွားခဲ့သော မြန်မာကျောင်းသား တစ်ဦးက “ပိုစတာက လူတစ်ရပ်လောက် အကြီးကြီးပဲ ကျနော်စိတ်မကောင်းဘူး။ ဓါတ်ပုံရိုက်တော့ ထိုင်းပုလိပ်က ပြုံးသွားတယ်။ အပေါ်ကပုံသေးသေးက သူတောင်းစား လုပ်ခိုင်းခံရသူတွေ၊ ဒုတိယပုံက ပြည့်တန်ဆာလုပ်ခိုင်းခံရတဲ့ မြန်မာမိန်းကလေးပုံတွေ၊ တတိယပုံက တရားမဝင် နေရာတွေမှာ အခိုင်းခံရတဲ့လူတွေလို့ရေးထားတယ်”ဟုပြောသည်။

နေ့စဉ် နိုင်ငံခြားသားများ ထောင်သောင်းချီ၍ ဝင်ထွက်သွားလာနေကြသော ဘန်ကောက်မြို့ လူဝင်မှုကြီးကြပ်ရေးရုံးတွင် မြန်မာဘာသာဖြင့် ရေးသား၍ ယခုကဲ့သို့ ပြသထားခြင်းကို သဘောမပေါက်ကြောင်း မြန်မာကျောင်းသားကဆိုသည်။ လွန်ခဲ့သော သတင်းပတ်က စက်ရုံတစ်ရုံတွင် နိုင်ငံခြားသားအလုပ်သမားများအား ထိုင်းပုလိပ်မှ စီးနင်းဝင်ရောက်ဖမ်းဆီးစဉ် ကမ္ဘောဒီယား နိုင်ငံသားများနှင့် လာအိုနိုင်ငံသားများကို မဖမ်းဘဲ မြန်မာနိုင်ငံသားများကိုသာ ဖမ်းမည်ဆိုပြီး ခွဲခြားဖမ်းဆီးခြင်းခံခဲ့ရသည်ဟု ဆိုသည်။
လူဝင်မှုကြီးကြပ်ရေးရုံးတွင် လွယ်လွယ်မယုံပါနဲ့ဟု မြန်မာဘာသာဖြင့် ပိုစတာကြီးချိတ်ဆွဲထားခြင်းမှာ မြန်မာမိန်းကလေးများအား သတိထားဆင်ခြင်းနိုင်ရန် စေတနာထား၍ ရေးထားသည်ဟုဆိုနိုင်သော်လည်း ပြည့်တန်ဆာအလုပ်မှာ မြန်မာအမျိုးသမီးများသက်သက် ထိုင်းကိုလာရောက် အလုပ်နေသလိုမျိုးဖြစ်အောင် ပြောထားသည်နှင့်တူကြောင်း၊ မြန်မာနိုင်ငံသားများအပေါ်ထားရှိသော ထိုင်းအာဏာပိုင်များ၏ သဘောထားအမြင်ကို တွေးဆကြည့်နိုင်ကြောင်း ကျောင်းသားများကပြောသည်။
တိုင်းပြည်ကို အုပ်ချုပ်နေသော မြန်မာစစ်ဗိုလ်ချုပ်ကြီးများ၏ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ ဇာတိဂုဏ်မြင့်မားရေး ဆိုသည်မှာ မည်သည်ကိုပြောသနည်းဟု မေးခွန်းထုတ်လိုကြောင်း၊ စစ်အစိုးရ အုပ်ချုပ်နေသ၍ မြန်မာပြည်မှာ ကျွန်ထုတ်လုပ်ရာနိုင်ငံ ဖြစ်နေမည်ဖြစ်ကြောင်း ဘန်ကောက်တွင် ကျောင်းတက်နေသော အဆိုပါကျောင်းသားက ရင်ဖွင့်ပြောဆိုသွားသည်။


Shan Human Right © 2008 Template by Dicas Blogger Supplied by Best Blogger Templates

TOPO